ကမ္ဘာသိ မြန်မာဘောဂဗေဒပညာရှင် သို့မဟုတ် ဒေါက်တာလှမြင့်


မြန်မာပြည် ဘောဂဗေဒသမိုင်းမှာ ကမ္ဘာသိထင်ရှားတဲ့ ပညာရှင်တစ်ဦးကို ပြပါဆိုရင် ဒေါက်တာလှမြင့်ကို လက်ညှိုးညွှန်ရပါလိမ့်မယ်။ တိုင်းပြည်ကနေ သူထွက်သွားတော့ သူ့အသက် ၄၁ ၊ အသက် ၉၂ ကျမှ မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်။ နှစ်ပေါင်း ၅၀ ကျော် ပြည်ပမှာပဲ  ဆရာကြီးနေခဲ့တာ ဘာကြောင့်များလဲ။


ဆရာကြီးဒေါက်တာလှမြင့်အကြောင်းက သိမှီလိုက်သူတွေ၊ စိတ်ဝင်စားသူတွေအတွက် ကြားဖူးနေကြဖြစ်ပေမဲ့ ဒီနေ့လူငယ်တွေအတွက်တော့ နားနဲ့စိမ်းနေဦးမှာပါ။ ဒီတော့ ကျွန်တော်တို့က ကမ္ဘာသိ မြန်မာ ဘောဂဗေဒပညာရှင် ဒေါက်တာလှမြင့် အကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။ ဒီစာစုကတော့ ဆရာကြီးအကြောင်း မိတ်ဆက်ဖြစ်လို့ သူ့ရဲ့ပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်တွေကိုတော့ ဖော်ပြမှာ မဟုတ်သလို အဲဒီလိုဖော်ပြနိုင်ဖို့ကလည်း မလွယ်ကူဘူးဆိုတာကိုတော့ ဝန်ခံရပါလိမ့်မယ်။


ဆရာကြီးဒေါက်တာလှမြင့်ကို ဧရာဝတီတိုင်း ပုသိမ်မှာ၊ ၁၉၂၀ မှာမွေးပါတယ်။ အသက် ၁၄ နှစ် ၁၉၃၄ ကျ ရန်ကုန်တက္ကသိုလ်ရောက်ပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က အသက် ၁၅ နှစ်ရောက်မှ ပညာသင်နိုင်တာဖြစ်ပေမဲ့ ဆရာကြီးကတော့ သူ့ရဲ့ထူးချွန်မှုကြောင့် အသက် ၁၄ နှစ်နဲ့ပဲ ပညာသင်ခွင့်ရခဲ့ပါတယ်။


ရန်ကုန်တက္ကသိုလ်မှာ ဘောဂဗေဒပညာရှင် ဟာရိုဘာနာဒယ်လီရဲ့ လက်အောက်မှာပညာသင်ယူရပါတယ်။ ဘာနာဒယ်လီဆိုတာ နာဇီတွေနှင်ထုတ်ခဲ့တဲ့ ဂျူးလူမျိုး ဘောဂဗေဒပညာရှင် အကျော်အမော် တစ်ယောက်ဖြစ်ပါတယ်။ ဘာနာဒယ်လီက ဆရာကြီးဒေါက်တာလှမြင့်ကို အတော်ပဲ လွှမ်းမိုးမှုရှိပြီး ဘောဂဗေဒအတွေးအခေါ်တွေကို သင်ပေးခဲ့ပါတယ်။


ဒေါက်တာလှမြင့်ဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ ဒေါက်တာဘမော်အစိုးရရဲ့ ပညာသင်ဆုရရှိပြီး လန်ဒန်ဘောဂဗေဒကျောင်းတော် (London School of Economics) မှာ ပညာသင်ယူရပါတယ်။ အဲဒီမှာ ဒေါက်တာလှမြင့်ရဲ့ ဘွဲ့ယူကျမ်းကို ကြီးကြပ်သူက ဘောဂဗေဒအကျော်အမော် ဖရက်ဒရစ်ဟေးရက် ဖြစ်ပါတယ်။ ဆရာကြီးဒေါက်တာလှမြင့်ဟာ ဟေးရက်ကို စစ်မှန်တဲ့လစ်ဘရယ်ဝါဒီအဖြစ် အတော်ပဲ သဘောကျခဲ့ပါတယ်။ ဆရာကြီးဟာ လန်ဒန်ဘောဂဗေဒကျောင်းတော်ကနေ ဘောဂဗေဒပါရဂူဘွဲ့ ရလာပါတယ်။


ပထမအကြိမ်ပြည်တော်ပြန်ခြင်း


ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ကျ ဆရာကြီးဒေါက်တာလှမြင့်ဟာ ရန်ကုန်တက္ကသိုလ်မှာ ဘောဂဗေဒပါမောက္ခ လုပ်ပါတယ်။  အဲဒီလို မြန်မာပြည်ပြန်လာပြီး ပါမောက္ခလုပ်တာဟာ ဗော်လန်တီယာလုပ်တာပါ။ အခကြေးငွေ၊ လစာငွေယူပြီး လုပ်တာမဟုတ်ပါဘူး။ ဒီလိုနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ယိုင်နဲ့နဲ့ကျောင်းဆောင်အောက်မှာ ဘောဂဗေဒအတန်းကို တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက်က ၂၆ နှစ်ပဲ ရှိသေးတာပါ။ ဆရာကြီးဟာ ယေးတက္ကသိုလ်က ဘောဂဗေဒပါရဂူဘွဲ့ရရှိလာတဲ့ ဆရာထွန်းဝေကို ရန်ကုန်တက္ကသိုလ် ဖိတ်ခေါ်ပြီး သူနဲ့အတူ လက်တွဲလုပ်စေပါတယ်။ နောက်တစ်ယောက်ကတော့ ဘောဂဗေဒပညာရှင် ဆရာ ဆွန်ဒရမ်ဖြစ်ပါတယ်။


ဆရာဒေါက်တာလှမြင့်၊ ဆရာထွန်းဝေနဲ့ ဆရာဆွန်ဒရမ်တို့ ၃ ဦးဟာ ရန်ကုန်တက္ကသိုလ် ဘောဂဗေဒဌာနကို အသက်သွင်းခဲ့ကြတဲ့ ဒေါက်တိုင် သုံးခု အဖြစ် နှောင်းလူတွေက အမှတ်တရရှိနေကြပါတယ်။ ဒေါက်တာလှမြင့်ဟာ ၁၉၄၇ မှာ စီးပွားရေးအကြံပေးဖြစ်လာပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ နိုင်ငံ့စီးပွားရေးပြန်လည်ထူထောင်ရေး ဆိုရန်တိုဗီလာ  နှစ်နှစ်စီမံကိန်းရေးဆွဲမှုမှာ ပါဝင်ခဲ့ပါတယ်။


၁၉၄၈ မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရလာပါတယ်။ ဆရာကြီး ဒေါက်တာလှမြင့်ဟာ ဝန်ကြီးချုပ်ဦးနုရဲ့ စီးပွားရေးအကြံပေးဖြစ်လာရပါတယ်။ အကြံပေးဘဝမှာတော့အစောပိုင်းတက္ကသိုလ်ပညာသင်ဘဝလို ပျော်မွေ့မှုမရှိတော့ပါဘူး။


တက္ကသိုလ်မှာ ပညာရှင်လုပ်ရတာက နိုင်ငံရေးကို ထည့်တွက်စရာ မလိုပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ စီပွားရေးအကြံပေးဆိုတာမျိုးကတော့ နိုင်ငံရေးဦးနှောက်တစ်ခြမ်း၊ စီးပွားရေးဦးနှောက်တစ်ခြမ်းနဲ့ အကြံပေးရတာဖြစ်ပါတယ်။ ဒါမျိုးကို ဒေါက်တာလှမြင့်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။


ဝန်ကြီးချုပ်ဦးနုက နိုင်ငံတော်ရဲ့စီးပွားရေးကို မြှင့်တင်ဖို့ နိုင်ငံတော်ဦးဆောင်တဲ့ စီးပွားရေးစနစ်ကို စတင်ပါတယ်။ အဲဒီလို နိုင်ငံတော်ဦးဆောင်တဲ့စီးပွားရေးစနစ်ဆိုတာက ဆရာကြီး ဒေါက်တာလှမြင်ယုံကြည်တဲ့ ဘောဂဗေဒအတွေးအခေါ်နဲ့ မကိုက်ညီပါဘူး။


၁၉၅၃ ခုနှစ်ရောက်တဲ့အခါ ဝန်ကြီးချုပ်ဦးနုက အမေရိကန်စီးပွားရေးပညာရှင် ရောဘတ်နေသန်တို့တင်ပြတဲ့ အကြီးစားတည်ဆောက်ရေးစီမံကိန်းတွေကို အာရုံကျနေခဲ့ပါတယ်။ ပြည်တွင်းမှာတော့ အဲဒီစီမံကိန်းကို ပြည်တော်သာစီမံကိန်းလို့ ခေါ်ကြပါတယ်။ ဆရာကြီး ဒေါက်တာလှမြင့်ကတော့ ပြည်တော်သာ စီမံကိန်းတွေ အောင်မြင်မယ်လို့ မယုံကြည်ခဲ့သလို သူမှန်ကြောင်း နောက်ပိုင်းမှာ သိလာရပါတယ်။


နောက်ပြဿနာတစ်ခုကတော့ ကောက်ပဲသီးနှံရောင်းဝယ်ရေးဘုတ်အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့က ပြည်တွင်းမှာ ဆန်ဈေးကိုသတ်မှတ်ပေးရပါတယ်။ အစိုးရက အဲဒီသတ်မှတ်ဈေးနဲ့ ဆန်ကို ဝယ်ပါတယ်။ ပြီးရင်နိုင်ငံခြားကို တင်ပို့ပါတယ်။ သတ်မှတ်ဈေးနဲ့ ကမ္ဘာ့ပေါက်ဈေးအကြား ကွာဟချက်ကို အကျိုးအမြတ်အဖြစ် နိုင်ငံတော်က ရယူတာဖြစ်ပါတယ်။ ရလာတဲ့အကျိုးအမြတ်ကိုတော့ နိုင်ငံတော်အတွက် အကျိုးရှိအောင် ပြန်သုံးပါတယ်။


ဒါပေမဲ့ အဲဒီစနစ်မှာ ဖဆပလအစိုးရအဖွဲ့ဝင်တွေကြား ခြစားမှုကကြီးလာပြီး နိုင်ငံအတွက် ထင်သလောက် အကျိုးမဖြစ်ခဲ့ပါဘူး။ ၁၉၅၀ ရောက်တဲ့အခါ ဆရာကြီးဒေါက်တာလှမြင့်က အစိုးရမူဝါဒမှားယွင်းမှု၊ ကောက်ပဲသီးနှံဝယ်ယူရောင်းချရာမှာ အလေအလွင့်ပြုန်းတီးမှုရှိနေမှုနဲ့ ခြစားမှုတွေကြောင့် အချက် ၂ ချက်ကို အဓိကထား တင်ပြခဲ့ပါတယ်။ အဲဒါက ကောက်ပဲသီးနှံရောင်းဝယ်ရေး ဘုတ်အဖွဲ့ကို ဖျက်သိမ်းပေးဖို့၊ ပုဂ္ဂလိကနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်လက်ခံဖို့ဖြစ်ပါတယ်။


ဒါပေမဲ့ ဝန်ကြီးချုပ်ဦးနုအစိုးရဟာ ကိုလိုနီအင်္ဂလိပ်ကို တိုက်ထုတ်ခဲ့ရတဲ့ ပထမမျိုးဆက် လွတ်လပ်ရေးအစိုးရဖြစ်ပါတယ်။ ကိုလိုနီစနစ်ကို အင်မတန်ရွံမုန်းသလို ကိုလိုနီစီးပွားရေးကြောင့် တိုင်းရင်းသားတွေ တရုတ်၊ အိန္ဒိယနောက် တတိယတန်းစား လူတန်းစားဖြစ်နေတာကိုလည်း ရွံမုန်းပါတယ်။ ဒီတော့ အမျိုးသားရေးအားကောင်းတဲ့အစိုးရက  ဒေါက်တာလှမြင့်ရဲ့ စီးပွားရေးမူဝါဒဟာ ကိုလိုနီခေတ်စီးပွားရေးမူဝါဒနဲ့ ဆင်တူတယ်လို့ ယူဆပါတယ်။ တကယ်တော့ ဆရာကြီးဒေါက်တာလှမြင့်ရဲ့ မူဝါဒဟာ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးမူဝါဒဖြစ်ပါတယ်။


အဲဒီအချိန်မှာသာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနိုင်ခဲ့မယ်ဆိုရင် မြန်မာ့စီးပွားရေးက တစ်မျိုးဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အကြောင်းမလှတော့ အစိုးရက ဆရာကြီးဒေါက်တာလှမြင့် တင်ပြချက်တွေကို ငြင်းပယ်လိုက်ပါတယ်။


ဒီလိုအဆင်မပြေမှုတွေကြောင့် အဲဒီ ၁၉၅၀ ဝန်းကျင်မှာ ဆရာကြီးဒေါက်တာလှမြင့်ဟာ အင်္ဂလန်ကိုပြန် အောက်စဖိုဒ့်မှာ စာသွားသင်နေခဲ့ပါတယ်။


ဒုတိယအကြိမ် ပြည်တော်ပြန်ခြင်း


နောက် ၈ နှစ်အကြာ ၁၉၅၈ မှာ ဝန်ကြီးချုပ်ဦးနုအစိုးရက ဗိုလ်ချုပ်နေဝင်းဆီအာဏာလွှဲပြီးလို့ အိမ်စောင့်အစိုးရဖြစ်တက်တဲ့အချိန်မှာ ဆရာကြီးဒေါက်တာလှမြင့် မြန်မာပြည်ပြန်လာခဲ့ပါတယ်။ အစိုးရအကြံပေးမဟုတ်တော့ဘဲ ၁၉၆၁ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခအဖြစ် လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ဝန်းကျင်ဟာ ဆန္ဒပြမှုတွေ၊ လူထုအုံကြွမှုတွေနဲ့ စီးပွားရေးကြပ်တည်းနေတဲ့ ကာလလည်းဖြစ်ပါတယ်။ နောက်တော့ ဒေါက်တာလှမြင့်ဟာ အောက်စ်ဖို့ဒ်ကို ထွက်လာခဲ့ပါတယ်။


၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံကို  အာဏာသိမ်းလိုက်ပါတယ်။ ကံဆိုးမှုတွေက နိုင်ငံဆီကျရောက်လာပြီး ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးတွေနဲ့ အနောက်နိုင်ငံသားတွေကို နှင်ထုတ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က နာမည်ကျော်တွေဖြစ်တဲ့ ဂျေ၊ အက်စ်၊ ဖာနီဗယ်နဲ့ သမိုင်းပါမောက္ခ ဂေါ်ဒွန်လုစ်တို့ကိုပါ စီအိုင်အေသူလျှိုအဖြစ် စွပ်စွဲခဲ့တာကြောင့် ဒေါက်တာလှမြင့်လည်း စိတ်ပျက်ပြီး ပညာရှင်တွေကို တန်ဖိုးမထားတဲ့နိုင်ငံဆီပြန်မလာတော့ပါဘူး။


ဆရာကြီးဟာ အောက်စဖို့ဒ်မှာ ၁၉၆၅ ခုနှစ်အထိ ကထိက ဆက်လုပ်နေခဲ့ပါတယ်။ အဲဒီ ၁၉၆၅ မှာပဲ လန်ဒန်ဘောဂဗေဒကျောင်းတော်က ဒေါက်တာလှမြင့်ကို ပါမောက္ခအဖြစ် ခန့်အပ်ပါတယ်။ အဲဒီလိုပညာသင်ပေးရင်း ၁၉၈၅ ကျ လန်ဒန်ဘောဂဗေဒကျောင်းတော်မှာပဲ  ဂုဏ်ထူးဆောင်ပါမောက္ခ ဖြစ်လာပါတယ်။ ၁၉၉၃ ကျတော့ ပညာရေးနယ်ပယ်ကနေ အနားယူလိုက်ပါတယ်။ အဲဒီနောက်ပိုင်း ကမ္ဘာ့ဘဏ် အကြံပေးအဖြစ်လည်း  လုပ်ကိုင်ခဲ့ပါသေးတယ်။


ဆရာကြီးဟာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်ပွင့်လင်းတဲ့စီးပွားရေးစနစ်ကိုသုံးဖို့၊ ပိတ်ဆို့်ထားမှုတွေကို ဖွင့်ပေးဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို  ကြိုဆိုဖို့၊ အဲဒီလိုကြိုဆိုတဲ့နေရာမှာ အခွန်သက်သာခွင့်ပေးတာထက် နိုင်ငံ့မှာ စီးပွားရေးလုပ်သာကိုင်သာရှိလို့ စီးပွားလာလုပ်ကြတာမျိုးဖြစ်စေဖို့၊ လုပ်သားအခြေပြုလုပ်ငန်းတွေကို ကြိုဆိုဖို့ ဒါတွေကို သူ့စာတမ်းတွေ၊ စာအုပ်တွေကနေ တင်ပြခဲ့ပါတယ်။


ဒေါက်တာလှမြင့်ရဲ့စီးပွားရေးအတွေးအခေါ်တွေကို လက်ခံခဲ့တဲ့တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ဟာ အာရှကျားနိုင်ငံများ ဖြစ်လာခဲ့ပါတယ်။ တချို့သော အရှေ့တောင်အာရှနိုင်ငံတွေလည်း ဒေါက်တာလှမြင့်ရဲ့ ပို့ကုန်ဦးစားပေးမူဝါဒကို လက်ခံပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဂန္ထဝင်ဘောဂဗေဒပညာရှင်ကို မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံကတော့ ဒုံးရင်းအတိုင်းပါပဲ။


ဒါပေမဲ့ ဒေါက်တာလှမြင့်ဟာ အမိမြေကို စိတ်မကုန်ပါဘူး။ မြန်မာနိုင်ငံဟာ ၂၀၁၀ မှာ နိုင်ငံရေးအပြောင်း အလဲတွေ စဖြစ်ပါတယ်။ အဲဒီနောက် ပြည်သူ့ရေးရာမူဝါဒတွေမှာ ပြည်သူတွေကိုယ်တိုင်  ပါဝင်ခွင့်ရလာပါတယ်။ ၂၀၁၃ ဇူလိုင်လမှာ တောင်သူလယ်သမားအခွင့်အရေးနှင့် အကာအကွယ်ပေးရေး ဥပဒေကို လွှတ်တော်မှာ ပြဌာန်းဖို့ စီစဉ်တဲ့အခါ ဒေါက်တာလှမြင့်ကလည်း ဒီဥပဒေရဲ့ အန္တရာယ်ကို  ထိုင်းကိုဥပမာပေးပြီး သတိပေးတဲ စာတမ်းတစ်ခုကို (၁၂.၇.၂၀၁၃) ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ပြည်သူ့ရေးရာမူဝါဒအငြင်းအခုန်တစ်ခုမှာ ဒေါက်တာလှမြင့်အနေနဲ့ ပထမဆုံး ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။


၂၀၁၇ မှာတော့ ဆရာကြီးဒေါက်တာလှမြင့် ဆုံးပါးသွားပါတော့တယ်။ ဆရာကြီးဆုံးသွားပေမဲ့ လူငယ်မျိုးဆက်သစ် ပညာရှင်တွေကြားထဲမှာတော့  ဒေါက်တာလှမြင့်ဆိုတာ နာမည်တစ်လုံးနဲ့ စံပြဖြစ်နေသလို နိုင်ငံတကာ ပညာရပ်နယ်ပယ်မှာလည်း သူ့သီအိုရီတွေနဲ့ ပညာရပ်ဆိုင်ရာစာတမ်းတွေကတော့ ထွန်းလင်းတောက်ပနေဆဲ ဖြစ်ပါတော့တယ်။


ကိုညို

ဤဆောင်းပါးကို  Build Myanmar-Media တွင် ၂၀၂၄၊ ဇွန် ၂၄ က ဖော်ပြခဲ့ပြီးဖြစ်သည်။ 

Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ