ဒေါက်တာဘမော်နှင့် ပညာတတ်နိုင်ငံရေး (စိတ်ကူးရနံ့)




ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး နောက်တစ်ရက် လန်ဒန်တိုင်းမ်သတင်းစာကို ဒေါက်တာဘမော်က ပြောတယ်။ "မြန်မာလူငယ်တွေ လက်နက်ကို စွဲလမ်းသွားပြီ။ အနာဂတ်နိုင်ငံရေးကို လက်နက်တွေနဲ့ ဆုံးဖြတ်ကြတော့မယ်"(အတိအကျမဟုတ်)

ဆရာကျော်ဝင်းစာအုပ်ထဲမှာလည်း ပါတယ်။ တခြားစာအုပ်တွေထဲမှာလည်း အဲဒါပါတယ်။ ငယ်ငယ်က အဲဒါဖတ်ရတော့ ဒီလူကြီးပြောတာ အဟုတ်ထင်တာ။ လူငယ်တွေ အတော်ဆိုးတာဆိုပြီးလည်း အထင်ရောက်ခဲ့မိပါတယ်။

ဒေါက်တာဘမော်ဆိုတာ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်မှာ ထိပ်သီးပညာတတ်လို့ပြောရမယ်။ ဟိုဘက်ကအခန်းကနေ သူနဲ့ တခြားတစ်ယောက်(နာမည်မမှတ်မိ) စကားပြောနေရင် ဒီဘက်ကနေကြားရတဲ့လူက သူတို့ကို ဘိုတွေလို့ကို ထင်တာတဲ့...သခင်ကိုယ်တော်မှိုင်းက အဲဒီလိုပြောတယ်ဆိုလားပဲ။ 

အခုခေတ်အထိလည်း ဒေါက်တာဘမော်ရဲ့မျိုးဆက်တွေဟာ တကယ့်ပညာတတ်တွေပါ။ ပြောချင်တာက  သက်ကြီး ပညာတတ်တွေဟာ ဒေါက်တာ ဘမော်ကို အတော်လေးအထင်ကြီးကြတာ။ ဒေါက်တာဘမော်တို့လို ပညာတတ်တွေရှိပါလျက်နဲ့ ဗိုလ်ချုပ်တို့လို လူတွေကို ပြည်သူက ရွေးချယ်ပုံကိုကြည့်ပြီး မြန်မာပြည်သူတွေဟာ ခေတ်အဆက်ဆက် ပညာတတ်ကို တန်ဖိုးမထားဘူးလို့ ကောက်ချက်ချသေးတာ။ 

ဒေါက်တာဘမော်တို့၊ အင်ဒိုနီးရှား စီးပွားရေးပြုပြင်ပြောင်းလဲမှု ဘာကလေ မာဖီးယားတို့ဆိုတာ အဲဒီပညာတတ်တွေရဲ့ နိုင်ငံထူထောင်ရေးအိပ်မက်ထဲက ဇာတ်ကောင်နဲ့ ဇာတ်လမ်းတွေပဲ။ ဒေါက်တာလှမြင့်အကြောင်း တစ်ယောက်ရေးတာ ဖတ်ဖူးတယ်။ 

ဘာတဲ့ ဒေါက်တာဘမော်လက်ထက်မှာ ပညာရေးကို အားပေးတယ်တဲ့...ဘယ်လိုအားပေးလဲဆိုတော့ ပညာတော်သင် ၅ ယောက်ဆိုလား လွှတ်နေရာကနေ ၉ ယောက်ဖြစ်အောင် ၄ ယောက်တိုးလွှတ်တာတဲ့။ တကယ့်ဟာသပါ။ အဲဒီလို ပညာတော်သင်တိုးလွှတ်လို့ ဒေါက်တာလှမြင့်ဟာ အင်္ဂလန် ဘောဂဗေဒကျောင်းတော်ကို ပညာတော်သင်ရောက်ခဲ့တာပါတဲ့။ ဒေါက်တာဘမော် ပညာရေးကို အားပေးချင်အားပေးမှာ။ သူရေးတဲ့ ကောက်ချက်ကိုဖတ်ရတာတော့ ရယ်စရာကြီး။ 

ဗိုလ်ချုပ်လုပ်ကြံခံရတဲ့နောက်တစ်ရက်ဆိုတော့ ဒေါက်တာဘမော်အနေနဲ့ ဗိုလ်ချုပ်ကို လုပ်ကြံတာ ဦးစောလို့ ယုံကြည်ပုံမရဘူး။ စိန်ကြီး၊ သက်နှင်းအစရှိတဲ့ လူငယ်တွေလို့ပဲ ယုံကြည်ပုံရတယ်။ အဲဒါကြောင့် လန်ဒန်တိုင်းမ်သတင်းစာကို အဲဒီလိုပြောတာနေမယ်။ ဘာလို့လဲဆို ဦးစောအမှုမှာ သခင်ဗစိန်နဲ့အတူ ဒေါက်တာဘမော်ကလည်း ဦးစောဘက်က သက်သေအဖြစ် လိုက်ပါခဲ့ကြသေးတာ။ 

ဦးစောနဲ့သခင်ဗစိန်ဆိုတာ အောင်ဆန်းအက်တလီစာချုပ်မှာ အကုန်လုံးက လက်မှတ်ထိုးပေမဲ့ သူတို့က လက်မှတ်မထိုးဘူး။ ဖဆပလအစိုးရအဖွဲ့ကနေလည်း သူတို့ပဲနုတ်ထွက်ခဲ့တဲ့လူတွေပေါ့။ 

ပြန်ဆက်ရင် ဗိုလ်ချုပ်တို့လုပ်ကြံမှုကို ဒေါက်တာဘမော်က လူငယ်တွေလို့ပဲ အထင်ရှိတာနေမယ်။ ဒါကြောင့် ဦးစောအကြောင်းထည့်ကိုမပြောဘဲ လူငယ်တွေဆိုပြီးပဲ ပြောတာနေမယ်။ သူ့သမိုင်းကို လေ့လာကြည့်တော့ လေးစားစရာ ပုဂ္ဂိုလ်ကြီးပါ။ ဂျပန်ခေတ်မှာ ဒိတ်ဒိတ်ကြဲ။ ဂျပန်ဘုရင်ကိုယ်တိုင် ဆုချီးမြှင့်ခံထားရလို့ မြန်မာပြည် ဂျပန်စစ်ဦးစီးချုပ်တောင် အတော်အကြပ်ရိုက်ရတယ်။ အကြပ်ရိုက်ဆို ဒေါက်တာဘမော်က ပညာတတ်တော့ သူနဲ့မတည့်တဲ့ စစ်ဦးစီးချုပ် သူ့အခန်းထဲဝင်တဲ့အခါ အလေးအမြတ်ပြုရအောင် ဂျပန်ဧကရာဇ်လက်မှတ်ပါတဲ့ ဆုချီးမြှင့်လွှာကို ရုံးခန်းထဲမှာ ချိတ်ထားတာဆိုပဲ။ ဒီတော့ သူ့အခန်းထဲဝင်တဲ့ စစ်ဦးစီးချုပ်ရော ဘာရော နားမလည်ဘူး။ ဂျပန်ဧကရာဇ်လက်မှတ်ပါတဲ့ ဆုတံဆိပ်ကို အလေးပြုရတာပဲဆိုလား..။ 


ထားပါ..ဆိုတော့ မြန်မာပြည်နိုင်ငံရေးကို လက်နက်နဲ့ဆုံးဖြတ်တယ်ဆိုတာ လက်တွေ့မှာ ဟုတ်ပေမဲ့ တချို့ကိစ္စတွေက မလွှဲသာလို့ လက်နက်ကိုင်ရတာပါပဲ။ လူဆိုတာ အသက်အပိုပါတာမှမဟုတ်တာ။ ပညာတတ်တွေ လျှောက်ပြောတိုင်း ချင့်ချိန်ယုံကြရမှာပဲ။ 


ဘာလို့ဆို ဦးနုဆီက ဦးနေဝင်းအာဏာယူတာ ခြောက်လ၊ နောက်ကျ တရားဝင်ဖြစ်အောင် ခြေဥကို လွှတ်တော်တင်ပြီး ဥပဒေကို ပြင်ဆင်လိုက်တာလည်း အဲဒီ့ပညာရှိ ဆရာကြီးတွေပဲ။ ဂျူးတွေကိုသတ်ပြီး လူမျိုးတုံးမဟုတ်ဘူးထုချေတာလည်း အဲဒီပညာရှိကြီးတွေပါပဲ။ ၂၀၀၈ ခြေဥ ၆(စ) လုံးထင်တယ်။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဦးဆောင်ပါဝင်သည်တို့ဘာတို့။ ၂၅ ရာခိုင်နှုန်းတို့ ထည့်တာလည်း အဲဒီပညာရှိကြီးတွေပါပဲ။ 


ဒီတော့ ဆရာမင်းလူစကားငှားပြောရရင် အဲဒီပညာရှိကြီးတွေ၊ ပညာတတ်တွေဆိုတာ မိန်းမတို့၊ ပလတ်စတစ်တို့နဲ့ တူပါသဗျာ။ မရှိမကောင်း၊ ရှိမကောင်းလို့ ပြောရမှာပေါ့။ 


ဘာတွေလျှောက်ရေးမိမှန်းမသိဘူး..မိုးအေးအေးနဲ့ စိတ်ထဲပေါ်ရာ လျှောက်ရာထားတာပါ။ အချက်အလက်တချို့က ပြန်မတိုက်တော့ လွဲချင်လွဲမယ်။ လွဲရင် ပြန်ဖတ်သွားပါဗျာ။ အကြောင်းအရာကတော့ မလွဲပါဘူး။

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၄ ။ 



Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ