ပစ္စန္တရစ်တွင် ရေတင်ခြင်း (ခေတ်အလင်း)
ဖြတ်ခနဲ မီးလင်းလာသောအခါ ချက်ချင်းပင်နိုးသည်။ ဘေးတွင်မူ ဇနီးသည် သည် အကြောင့်အကျမဲ့ အိပ်ပျော်နေဆဲရှိပါသေးသည်။ အိပ်ရာမှ မထသေးဘဲ ဖုန်းဖြင့်ပင် နာရီကိုကြည့်သည်။ မနက်တစ်နာခွဲပါပကော။ ယခင်ကမူ မီးဖွင့်၍မအိပ်။ မီးပြတ်ပြီး ပြန်လာချိန်တွင် မီးအားဆောင့်တက်၍ အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ ယခုတော့ ညအိပ်လျှင် မီးတစ်ပွင့်တော့ ဖွင့်ထားရသည်။ဒါမှသာ မီးလာလျှင်သိမည်။ မီးလာပြီဖြစ်သည်။ရေမောင်းရန် ထရပေတော့သည်။ ရန်ကုန်တွင်နေသည်မှာ မွေးစကပင်ဖြစ်ရာ မြို့ပြပါးဝသည်ဟု ပြောလျှင်ရပေသည်။ မြို့ပြအထာအားလုံးနီးပါးကို နပ်နေပြီ။ ယခုလပိုင်းတွင် မီးသည်ခဏခဏလာသည်။ သို့မဟုတ် ခဏခဏပြတ်သည်။ ယခင်ကထက် ပိုပြတ်သည်။ လာလျှင်လည်း မှိတ်တုပ်မှိတ်တုပ်ဟု ပြော၍ရသည်။ မီးလာသည်။ နှစ်မိနစ်ခန့်ကြာလျှင် ပြန်ပြတ်သည်။ ထိုနောက် ပြန်လာသည်။ ပြန်ပြတ်သည်။ နောက်ပိုင်းတွင်မူ မလာတော့ချေ။ တွေးနေဆဲပင် မျက်စောင်းထိုးအိမ်ဆီမှ ရေစက်သံတဖုန်းဖုန်းကို ကြားရသည်။ အင်း... ရေတင်နေကြပြီပဲ။ အိပ်ရာကလူးလဲထသည်။ ရေစက်ကို ဖွင့်သည်။ ရေစက်သံကိုကြားရသည်။ စက်သံကို နားစွင့်သည်။ စက်သံမှန်သည်။ အိုကေပါပြီ။ ညဦးကတည်းကပင် အောက်ဆုံးထပ်ရှိရေကန်တွင် ရေမည်မျှကျန်ရှိသည်ကို ကြည