ရွေးကောက်ပွဲ မာယာ - ညိုထွန်း
ညိုထွန်း
နိုင်ငံရေးသမားသည် အာဏာအတွက် ရွေးကောက်ပွဲကို မျှော်သည်။ ပြည်သူကမူ ရွေးကောက်ပွဲမှတဆင့်
အစိုးရကောင်းကိုမျှော်သည်။ ရွေးကောက်ပွဲများ၏ မူလဘူတရည်ရွယ်ချက်သည်
အစိုးရကောင်းကို ပြည်သူ့ဆန္ဒဖြင့် တင်မြှောက်နိုင်ရန်ဖြစ်သည်။ သို့သော်လည်း ပြည်သူ့ဆန္ဒသည်
အခါခပ်သိမ်း ဖြစ်နိုင်သည် မဟုတ်ပေ။
အကြောင်းမှာ ရွေးကောက်ပွဲများတွင် ထောင်ချောက်ရှိသည်။
လှည့်စားမှုများရှိသည်။
ပုံမှန်အခြေအနေတွင်ကျင်းပသည့် ရွေးကောက်ပွဲများတွင်
နိုင်ငံရေးသမားများက သူတို့ကိုမဲထည့်ရန်အတွက် ပြည်သူကိုစည်းရုံးသည်။ အာဏာရှင်များ
သို့မဟုတ် အာဏာသိမ်းသူများ ကျင်းပသည့် ရွေးကောက်ပွဲများတွင်မူ နိုင်ငံရေးသမားများက
စည်းရုံးသူမဟုတ်တော့။ အာဏာရှင်များ၏ စည်းရုံးမှုကို ခံကြရသူများဖြစ်သွားသည်။
နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနောက်ပိုင်းက အာဏာကိုသာ
မျှော်ကြည့်ကြသည်။ ရွေးကောက်ပွဲရှေ့က ချောက်ကမ်းပါးကြီးကိုမူ မမြင်ကြ။ သို့မဟုတ်
မမြင်ချင်ယောင်ဆောင်ကြသည်။
ဤသို့ဖြင့် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်ကျင်းပသည့် ၂၀၂၃ ခုနှစ်
ရွေးကောက်ပွဲအတွက် စည်းရုံးခံ လိုက်ရသော နိုင်ငံရေးပါတီများကို တွေ့မြင်စပြုလာရသည်။
ဗောင်းတော်ညှိတ်
စိတ်တော်သိ ရွေးကော်
စစ်ခေါင်းဆောင်အလိုကျကပြရသော
ရွေးကောက်ပွဲကော်မရှင်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမှုရှိသည် ဆိုကာ မဲစာရင်းစစ်ချိန်မှစ၍
အချိုးကျကိုယ်စားပြုစနစ်(ပီအာ)ပြောင်းခြင်း၊ နိုင်ငံရေးပါတီများကို စစ်ဆေးခြင်းမှသည်
၂၀၂၃ ရွေးကောက်ပွဲ ပြင်ဆင်သည်အထိ ပွင့်လင်းမြင်သာမှုမရှိချေ။
ထိုမျှမက
ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများသာမက လွတ်လပ်ပြီးအမှီအခိုကင်းသည့်
မီဒီယာများ၏ ယုံကြည်မှုကိုလည်း မရသည့် အဖွဲ့အစည်းဖြစ်သည်။
အဆိုပါကော်မရှင်သည်
သမ္မတဦးသိန်းစိန်လက်ထက်နှင့်
NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင်များနှင့် လားလားမျှမတူ။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် နောက်ဆုံးအချိန်တွင် သူ့သမိုင်းကို လှအောင်
ရေးသွားနိုင်ခဲ့သည်။ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်သည့် ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့သည်။
ဤသို့ဖြင့် NLD အာဏာရလာသည်။
NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင်သည်ပင် ဦးတင်အေးကော်မရှင်လောက် ပွင့်လင်းမြင်သာမှုမရှိ။
နိုင်ငံရေးပါတီများ၊
အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများပေါ်တွင် အရေးမထား။ သို့သော်လည်း ကပ်ဘေးကာလအတွင်းမှ
ရွေးကောက်ပွဲကျင်းပရသည်ဖြစ်ရာ ပုံမှန်အခြေအနေထက် လုပ်ရကိုင်ရ ကြပ်သည်ကားအမှန်ပင်။ ရလဒ်အားဖြင့်
ပြည်သူဆန္ဒကို ထင်ဟပ်သည့် ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့သည်။
လက်ရှိ
စစ်အုပ်စု လက်ဝေခံ ရွေးကော်သည်ကား အဆိုပါ ရွေးကော်များနှင့် ခြားနားသည်။ အာဏာသိမ်း
စစ်အုပ်စု အလိုကျ ကပြနေရသည်။ နိုင်ငံရေးပါတီများ ပြည်ပအဖွဲ့အစည်းများနှင့် မတွေ့ရ၊
တွေ့ချင်လျှင် ရွေးကော်ကို ကြိုတင်အကြောင်းကြားရမည်ဆိုသည့် ကန့်သတ်ချက်များပင်ထုတ်လိုက်သေးသည်။
သရုပ်မှန်
ရွေးကောက်ပွဲ
၂၀၂၃ တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံကို
အာဏာသိမ်းထားသူများက ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲ
အနိုင်ရပါတီကို အာဏာမအပ်ချင်သောကြောင့် အာဏာသိမ်းလိုက်သူတို့က ကျင်းပမည့်
ရွေးကောက်ပွဲဖြစ်သည်။
ဤနေရာတွင် မဲမသမာမူများရှိ၍ အာဏာသိမ်းခြင်းမဟုတ်၊ အာဏာထိန်းခြင်းဖြစ်သည်၊ အခြေခံဥပဒေနှင့် အညီသာ ဖြစ်သည်ဟု တချို့က ဆိုနိုင်သည်။ အခြေခံဥပဒေနှင့် မညီမှန်း
အကျယ်တဝင့်ဆွေးနွေးနိုင်သော်လည်း မဆွေးနွေးလို။ မဲမသမာမူများရှိလျှင် ဖြေရှင်းရန်
တာဝန်သည် စစ်တပ်တာဝန်လော၊ သို့မဟုတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
တာဝန်လောဟုသာ မေးမြန်းလိုသည်။ အာဏာသိမ်းသူတို့ အမြဲတစေကိုးကားနေသည့် အခြေခံဥပဒေကိုသာ
ရှာဖတ်ကြည့်ရန်ဖြစ်သည်။ အခြေခံဥပဒေ မည်သည့်ပုဒ်မတွင်မှ ရွေးကောက်ပွဲနှင့်ဆက်စပ်၍
စစ်တပ်ကို လုပ်ပိုင်ခွင့်ပေးမထား။
နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတစ်ခု၏ လွပ်လပ်မှုနှင့်
မျှတမှုကို ထိုသို့အာဏာသိမ်းထားသူများ ကျင်းပသည့် ရွေးကောက်ပွဲမှ အဘယ်ပုံ၊
အဘယ်နည်း မျှော်လင့်ကြသနည်း။ မေးခွန်းထုတ်လိုသည်။
ထိုထိုသော
နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲရှေ့ ချောက်ကမ်းပါးထဲ၌ တော်လှန်ရေးကာလက ပြည်သူ့သွေးများပြည့်နှက်နေသည်ကို
အရေးမထား။ လက်ပစ်ကူး၍ ရွေးကောက်ပွဲဆီ သွားရန် တာစူနေကြပေသည်။
စစ်အုပ်စုကျင်းပသော ရွေးကောက်ပွဲများ
၂၀၂၃
ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲ မည်သည့်နေရာတွင် တူညီသနည်း။
တူညီချက်များကို
ဦးဆုံးပြောပါမည်။ စစ်အုပ်စုက ကျင်းပသော ရွေးကောက်ပွဲဖြစ်သည်။ စစ်မှန်သော အပြောင်းအလဲကို
ဦးမတည်။ အာဏာကို ဆက်လက်ချုပ်ကိုင်ရေး ပုံဖော်သော ရွေးကောက်ပွဲဖြစ်သည်။ မြန်မာ့အရေးခြေခြေမြစ်မြစ်သိရှိခံစားကြသော
ပြည်တွင်းသာမက နိုင်ငံတကာကပါ ကန့်ကွက်သည်လည်း တူညီပေသည်။
၂၀၁၀
တွင် NLD ရွေးကောက်ပွဲမဝင်ဖြစ်စေသော အခင်းအကျင်းမျိုးဖန်တီးထားသကဲ့သို့ ၂၀၂၃ တွင်လည်း ထိုနည်းတူပင်။
၂၀၂၃
တွင် NLD ပါတီကို မဖျက်သိမ်း၊ ပါတီရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်ရန် စစ်အုပ်စုဘက်က သိမ်းသွင်းမှုများ
ရှိနေသော်လည်း NLD ၏ စုဖွဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရေးပါသော
ခေါင်းဆောင်များကို မတရားဖမ်းဆီးထားခြင်းဖြင့် ပြိုကွဲအောင် လုပ်ထားသည်။
၂၀၂၃
ရွေးကောက်ပွဲသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် မည်သို့မျှ မထူးခြားသည့်
ရွေးကောက်ပွဲသာဖြစ်သည်။
ခပ်တင်းတင်းဆိုရလျှင်
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအလိုကျ ကပြခဲ့ရသည့် ၂၀၁၀
ရွေးကောက်ပွဲသည် ဒီမိုကရက်တိုက်ဇေးရှင်းခေါ် ဒီမိုကရေစီဖြစ်စဉ်ကူးပြောင်းမှုတွင်
အခရာကျခဲ့သေးသည်။ ၂၀၂၃ သည်ကား အာဏာရှင်ထွက်ပေါက်သက်သက်မျှသာ ဖြစ်သည်။ စစ်တပ်က
မြန်မာနိုင်ငံရေးတွင် အစ်ကိုကြီး အဖအရာ လုပ်ချင်သည့် ရည်ရွယ်ချက်မှတပါးအခြားမရှိ။
လက်ဝေခံပါတီများကို မြှောက်စား၍ နောက်ကွယ်မှ ထိန်းချုပ်ရန်မှ တပါး အခြားမရှိ။
ရွေးကောက်ပွဲမှတဆင့် စစ်တပ်အလိုကျ ရုပ်သေးအစိုးရ တင်မြှောက်လိုခြင်းမှတပါး
အခြားမရှိ။
ရွေးကောက်ပွဲသည်
နိုင်ငံရေးထွက်ပေါက်မဟုတ်
နိုင်ငံငြိမ်းချမ်းရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်
၂၀၂၃ ရွေကောက်ပွဲသည် ထွက်ပေါက်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ပြန်သည့်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ‘နိုင်ငံရေးမူဝါဒနဲ့သဘောထား’
တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကျင်းပခြင်းသည်
နိုင်ငံရေးထွက်ပေါက်ဖြစ်မည်လော။
ထိုသို့အပ်ချမတ်ချပြောရန် မလွယ်ပါ။ တစ်ဦးတည်းအမြင်အရ နိုင်ငံရေးထွက်ပေါက်
မဖြစ်နိုင်ဟုသာ ဆိုချင်သည်။
အကြောင်းအရင်း (၃) ချက်ကို ထောက်ပြလိုသည်။
နွေဦးတော်လှန်ရေးကာလမတိုင်မီက
တိုက်ပွဲများသည် တန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားဒေသများတွင်သာဖြစ်ကြခြင်းဖြစ်ပြီး
ယခုမူထိုသို့မဟုတ်တော့ပေ။ တနိုင်ငံလုံးနီးပါးက စစ်အုပ်စုကို ကိုယ်နည်းနှင့်ကိုယ် တော်လှန်နေကြသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းက မီးလောင်တိုက်သွင်းခံရသော ကျေးရွာများ၊ သိန်းနှင့်ချီ ထွက်ပြေးရသော
ဒေသခံများ။ ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်များအတွက် ရွေးကောက်ပွဲသည် အဖြေတစ်ခု မဖြစ်နိုင်ပါ။
ထို့အတူ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင် စသော တိုင်းရင်းသားဒေသများရှိ
ပြည်သူများတွက်လည်း အဖြေမဟုတ်နိုင်ပေ။ ဤသည်မှာ ပထမအချက်ဖြစ်သည်။
ဒုတိယတစ်ချက်မှာ
ရွေးကောက်ပွဲကျင်းပသော်လည်း
NUG အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်
တိုင်းရင်းသားလက်နက်ကိုင်များအတွက် နိုင်ငံရေးအဖြေရခြင်းမဟုတ်ပါ။ အကြောင်းမှာ ရွေးကောက်ပွဲသည်
အာဏာအပေါ် အခြေခံပြီး နိုင်ငံရေးအဖြေရရန်ကမူ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူရည်တူရှိမှုအပေါ်
အခြေခံသောကြောင့်ဖြစ်သည်။
တန်းတူရည်တူမရှိသော
လွတ်လပ်မှုနှင့် ဒီမိုကရေစီကို အာမ,မခံသော ရွေးကောက်ပွဲသည် နိုင်ငံရေးအဖြေ မဟုတ်ဟုသာ ဆိုချင်သည်။
တတိယအချက်မှာ
ရွေးကောက်ပွဲကျင်းပသော်လည်း စစ်တပ်အလိုကျမဟုတ်သည့် နိုင်ငံရေးပါတီတစ်ခုသာ အနိုင်ရခဲ့လျှင်
စစ်တပ်က အာဏာထပ်မသိမ်းဟူသော ပဋိဉာဉ်မရှိသောကြောင့်ဖြစ်သည်။
NDF ပါတီဆိုသကဲ့သို့ ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက်ဖြစ်လာခဲ့လျှင် ပြည်သူ့အတွက်မဟုတ်၊
စစ်တပ်အတွက်သာ ဖြစ်ပေလိမ့်မည်။ မည်သို့မည်ပုံနည်းဟု အမေးရှိအံ့။
စစ်အုပ်စုသည်
ရွေးကောက်ပွဲတစ်ရပ်ကျင်းပ၍ အာဏာသိမ်းမှုကို တရားဝင်အောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်းမှုကာလအတွင်း ကလေးသူငယ်များ၊ ကျောင်းသားများ၊ သက်ကြီးရွယ်အိုများနှင့် ပြည်သူများ၏
သေကြေပျက်စီးခဲ့မှုများသည် ရွေးကောက်ပွဲပြီးသောအခါ ဥပဒေအရ တရားဝင်လုပ်ရပ်ဖြစ်သွားပေလိမ့်မည်။
အာဏာသိမ်းမှု တရားဝင်သွားသည်နှင့်အမျှ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည်
တာဝန်အရ လုပ်ဆောင်ချက်များ ဖြစ်သွားပေလိမ့်မယ်။ ထိုသို့ တရားဝင်ဖြစ်ရန်လည်း ဥပဒေအရ
ဆောင်ရွက်မည်သာ ဖြစ်သည်။
ထို့ကြောင့်
ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက်ဖြစ်ငြားအံ့။ စစ်အုပ်စုအတွက်သာ ဖြစ်ပေလိမ့်မည်။
ဤသို့ဖြင့် စစ်အုပ်စု၏ တရားမဲ့ပြုကျင့်မှုများကို
တရားဝင်ဖြစ်မည့် ဒီမိုကရေစီအယောင်ပြေ ရွေးကောက်ပွဲကို မည်သို့မည်ပုံသဘောထားရမည်ကိုလည်းကောင်း
စစ်အုပ်စု နောက်ဆွဲ အမည်ခံနိုင်ငံရေးသမားများကို မည်သို့မည်ပုံသဘောထားရမည်ကိုလည်းကောင်း
ပြည်သူများက သိနှင့်ပြီးဖြစ်သည်ဟု ယူဆသည်။
ပြည်သူ့အတွက်ကား
ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေး ကြိုးစားရုံမှတပါး အခြားမရှိ။
ညိုထွန်း
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ၊ ၁၈
Comments
Post a Comment