နေပြည်တော်ခရီးသွားများအတွက် ပြည်သူပေးသော သတင်းစကား - ညိုထွန်း
ယခုအခါ မြန်မာပြည်တွင် ငြိမ်းချမ်းရေးစကားကိုတွင်တွင်ကြားနေရသည်။ ပြန်၍စေ့ငုလျှင် မငြိမ်းချမ်းသောကြောင့်သာ ငြိမ်းချမ်းရေးစကားကြားရသည်ဟု ဆိုနိုင်သည်။ မငြိမ်းချမ်းလေ ငြိမ်းချမ်းရေးစကားပြောရလေပင်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေး စကားပြောသည်။ စားပွဲဝိုင်းတွင် တွေ့ဆုံရန် ကမ်းလှမ်းသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခေါင်းဆောင်အပါအဝင် တစ်ဖွဲ့သုံးယောက် တက်နိုင်သည်။ သူကိုယ်တိုင်တော့ တစ်ဖွဲ့စီသီးခြားတွေ့မည်ဟုဆိုသည်။ ယခုလနောက်ဆုံးပတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်မည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း စစ်ခေါင်းဆောင်၏ နေပြည်တော်လမ်းကို မရွေးသူများလည်းရှိသည်။ ထိုသူတို့သည် သမိုင်းအသိအရ သတိရှိရှိဖြင့် ချဉ်းကပ်ကြသူများဟုလည်း ဆိုနိုင်သည်။ နှစ်ပေါင်း ၇၀ကျော် 'ချ' သမိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ ကပြခဲ့သူများဖြစ်ရာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တို့၏ ဘယ်ကွေ့တွင် ဘယ်တက်နှင့် လှော်မည်ကို ကြိုတင်တွက်ဆနိုင်သူများလည်းဖြစ်သည်။ တနည်းဆိုရလျှင် အတိတ်သမိုင်းတွင်ခံရပါများ၍ အနာမကျက်သေးချိန်လည်းဖြစ်ရာ ယခုဆွေးနွေးပွဲအတွက် အယုံအကြည်နည်းသူများလည်းဖြစ်သည်။ နေပြည်တော်လမ်...