စစ်မှုထမ်း ဋီကာ - ညိုထွန်း
သမိုင်းဝင် ရဲဘော်သုံးကျိပ်ဘဝကနေ ခေတ်အဆက်ဆက်ဂုဏ်တင့်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာတော့ အဆိုးရွားဆုံး နာမည်ပျက်မှုတွေနဲ့ ကြုံတွေ့နေခဲ့ရပါပြီ။
အထူးသဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗုံးဗုံးလဲသွားအောင်၊ ကျူးကျော်တဲ့ တရုတ်ဖြူ ကူမင်တန်တွေ ထွက်ပြေးအောင်၊ ၁၉၅၀ ဝန်းကျင်မှာ ရန်ကုန်အစိုးရဘဝကနေ လွတ်မြောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ မြန်မာ့တပ်မတော်အဆင့်အတန်းမျိုး မဟုတ်တော့ဘူးဆိုတာ နိုင်ငံတကာအကဲခတ်တွေကြားမှာ ပိုပြီးထင်ရှားလာခဲ့ပါတယ်။
အဲဒီလို ၂၀၂၁ တော်လှန်စစ်မှာ အလဲလဲအပြိုပြိုနဲ့ အခြေမလှခဲ့တဲ့နောက် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်သုံးစွဲလာတဲ့မူဝါဒက အရပ်သားပြည်သူတွေကို စစ်မှုထမ်းခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။
ဒီတော့ စစ်မှုထမ်းဥပဒေ ဒါမှမဟုတ် စစ်မှုထမ်းဋီကာအကြောင်း နည်းနည်းလောက်ပြောကြည့်ရအောင်ပါ။
လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ထင်ရှားပြီး လွတ်လပ်ရေးတပ်ဦးအဖွဲ့ချုပ်ကြီးလို့ခေါ်ဆိုကြတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ၁၉၅၈ မှာ နု-တင် (သန့်ရှင်းဖဆပလ) နဲ့ ဆွေငြိမ်း (တည်မြဲဖဆပလ) ဆိုပြီး နှစ်ခြမ်းကွဲသွားပါတယ်။ မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေကြားမှာ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းဆီ အာဏာလွှဲပေးလိုက်ပါတယ်။ တချို့ကတော့ ဒါကို အာဏာသိမ်းမှုဆိုပြီး ရှုမြင်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းဆီ အာဏာရောက်သွားတာနဲ့ စစ်တပ်ဟာ အာဏာသုံးရပ်ကို တရားဝင်လက်ခံရယူပြီး အိမ်စောင့်အစိုးရဆိုပြီး ဖြစ်လာပါတယ်။
အဲဒီ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ပြဌာန်းခဲ့တာဆိုပြီး ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်က အိမ်စောင့်အစိုးရ စာအုပ်မှာ ရေးပါတယ်။
ဒါကြောင့် အသေအချာအတွက်စစ်ကြည့်ရင် မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ခဲ့တာ ၆၄ နှစ်ရှိခဲ့ပါပြီ။
ဒီဥပဒေကို ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့က အာရပ်နိုင်ငံတွေကြားမှာရှိတဲ့ အစ္စရေးနိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးစီမံချက်ကို အတုယူပြီးရေးဆွဲဖို့ အကြံဖြစ်ပေါ်ခဲ့တာပါ။ အဲဒီတုန်းက အစ္စရေး စစ်မှုထမ်းဥပဒေက အသက် ၂၀ က စပြီး စစ်မှုထမ်းရတာဖြစ်ပြီး အရံအင်အားအနေနဲ့ဆိုရင်တော့ အသက် ၆၀ မကျော်လွန်သူတွေကို စစ်မှုထမ်းဥပဒေအရဆင့်ခေါ်နိုင်တယ်ဆိုပြီး ပြဌာန်းထားခဲ့တာဖြစ်ပါတယ်။
ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ဟာ အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကြား ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးအတွက် စိတ်ပူခဲ့ကြပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါမှာလည်း တရုတ်နိုင်ငံဟာ ပုဂံခေတ်မှာတစ်ကြိမ်၊ တရုတ်ချင်မင်းဆက်နဲ့ ကုန်းဘောင်းခေတ် မြန်မာမင်းတွေလက်ထက်က လေးကြိမ်၊ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှု တစ်ကြိမ် သမိုင်းတလျှောက် စုစုပေါင်း ၆ ကြိမ်ကျူးကျော်ခဲ့ဖူးပါတယ်။ ခြားနားချက်အနေနဲ့ အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံကိုကျူးကျော်မှု တစ်ကြိမ်မှမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ဆိုတာကို သူတို့က အဲဒီအချိန်ကတည်းက နားလည်သဘောပေါက်ခဲ့ကြပါတယ်။
ဒါ့ကြောင့် နိုင်ငံ့ရန်ကို ကာကွယ်ရေးအတွက် အရေးကြီးချိန် လိုအပ်တဲ့ စစ်အင်အားရဖို့ပြည်သူ့စစ်မှုထမ်း ဥပဒေကြမ်းကို ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။
ပိုပြီးအံ့ဩစရာကောင်းတာကတော့ “စစ်မှုမထမ်းမနေရ အက်ဥပဒေ၏ နောက်ကွယ်မှ အခြေခံအကျဆုံးအချက်မှာလည်း နိုင်ငံတော်ကာကွယ်ရေးအတွက်သာမက သစ္စာမဲ့သော တပ်မတော်ခေါင်းဆောင်များ၏ စစ်အာဏာသိမ်းမှုမှ ကာကွယ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပါသည်”ဆိုပြီး ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်က ဖော်ပြထားတာဖြစ်ပါတယ်။
ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ရဲ့ ညွှန်ကြားမှုနဲ့ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသိန်းမောင်က ၁၉၅၅ ကတည်းက ပြည်သူ့စစ်မှုထမ်း ဥပဒေကြမ်းကို ရေးဆွဲပြီး ပြဌာန်းဖို့လည်းအသင့်ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း၊ ကာကွယ်ရေးဝန်ကြီး ဦးဘေဆွေတို့ရဲ့ သဘောတူညီမှုလိုအပ်နေခဲ့ပါတယ်။ အထူးသဖြင့် ၁၉၅၅ ကာလမှာ ဖဆပလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးနုရဲ့သဘောတူညီမှုကို အဓိက လိုအပ်နေခဲ့တာပါ။
ဒီဥပဒေပြဌာန်းဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက သဘောမကျခဲ့သလို့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေဆီကလည်း အကူအညီမရခဲ့ပါဘူး။ ဝန်ကြီးချုပ်ဦးနုကလည်း လိုလားဟန်မရှိခဲ့ပါဘူး။
ဗိုလ်ချုပ်ကြီးနေဝင်း အာဏာရလာတဲ့ အိမ်စောင့်အစိုးရလက်ထက်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။ နိုင်ငံဟာ ပြည်တွင်းစစ်ကို ကြုံခဲ့ရသလို တရုတ်ဖြူ ကူမင်တန်ကျူးကျော်စစ်ကိုလည်း ကြုံခဲ့ရပါပြီ။ တရုတ်နဲ့ နိုင်ငံ့ခေါင်းဆောင်ချင်း သူတင်ကိုယ်တင် တန်းတူရည်တူဆက်ဆံနိုင်ခဲ့ပေမဲ့ နယ်နိမိတ်ပြဿနာအကြားမှာ တရုတ်ဘက်က ဆွေးနွေးချက်ထက် ကျော်လွန်ဆွေးနွေးနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒါကြောင့်လည်း ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကြမ်းဟာ အတည်ဖြစ်လာခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းမှာတော့
အချိန်ပြည့်စစ်မှုထမ်း
အမျိုးသား - အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား။ (စစ်မှုထမ်းကာလ - ၆ လမှ ၂၄ လ)
အမျိုးသမီး - အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား။ (စစ်မှုထမ်းကာလ - ၆ လမှ ၂၄ လ)
အချိန်ပိုင်းစစ်မှုထမ်း
အမျိုးသား - အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား။ (စစ်မှုထမ်းကာလ - တစ်နှစ်လျှင် ရက် ၃၀)
အမျိုးသမီး - အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား။ (စစ်မှုထမ်းကာလ - ၆ လမှ ၂၄ လ)
ကျွမ်းကျင်သူ
အမျိုးသား - အသက် ၃၅ နှစ်မှ ၅၆ နှစ်ကြား။ (စစ်မှုထမ်းကာလ - ၁၈ လ)
အမျိုးသမီး - အသက် ၂၇ နှစ်မှ ၃၅ နှစ်ကြား။ (စစ်မှုထမ်းကာလ ၂၄ လ) ဆိုပြီး သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ နိုဝင်ဘာလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀) နဲ့ အစားထိုးလိုက်ပါတယ်။
အခု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာ စတင်အသက်ဝင်တဲ့ စစ်မှုထမ်းဥပဒေဆိုတာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က အစားထိုးခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ၂၀၁၀ ကို ပြန်လည်အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ဖဆပလခေတ်စစ်မှုထမ်းဥပဒေနဲ့ နအဖ ခေတ်စစ်မှုထမ်းဥပဒေ ဆိုပြီး စစ်မှုထမ်းဥပဒေ နှစ်ခုရှိခဲ့ပေမဲ့ မတူညီတဲ့ အခြေခံအကြောင်းတရားတွေနဲ့ မတူညီတဲ့ အခြေအနေတွေကတော့ ရှိနေဆဲပါ။
၁၉၅၉ မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ရေးဆွဲခဲ့ချိန်ဟာ လွတ်လပ်ရေးရပြီစ ၁၉၄၉ မှာ တပ်မတော်တပ်ရင်းတွေ တောခိုသွားတာ၊ ၁၉၄၈-၅၀ မှာ ပြည်တွင်းစစ်ရှိန်မြင့်တက်ခဲ့တာနဲ့ ၁၉၅၀ မှာ ကူမင်တန်ကျူးကျော်မှုကို တိုက်ထုတ်ခဲ့ရတာတွေကြောင့် တပ်မတော်မှာ စစ်အင်အားနည်းနေခဲ့တဲ့အချိန်ဖြစ်ပါတယ်။ ၁၉၅၉ မှာ တရုတ်ဖြူ ကူမင်တန် ကျူးကျော်မှုမရှိတော့ပေမဲ့ တရုတ်နဲ့ နယ်နိမိတ်ပြဿနာတွေ ရှိနေတဲ့အချိန်လည်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျူးကျော်မှုကို ကြိုတွေးပြီး စစ်အင်အားကို ဖြည့်တင်းဖို့ ကြိုတင်ကာကွယ်ဖို့ ရေးဆွဲခဲ့ကြတာလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် ၂၀၂၄ မှာ အသက်သွင်းတဲ့ စစ်မှုထမ်းဥပဒေကတော့ မတူတော့ပါဘူး။
၂၀၂၁ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာမအပ်တာ၊ ဒီမိုကရေစီကို ဆန့်ကျင်ပြီး အာဏာသိမ်းတာ၊ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ အဲဒီကနေ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပေါ်လာတာ၊ တော်လှန်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ယှဉ်တိုက်ပေမဲ့ နယ်မြေဆုံးရှုံး၊ တပ်အင်အားပြုန်းလာလို့ လူသစ်စုဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလာတာဖြစ်ပါတယ်။
ပြည်ပအန္တရာယ်လို့လည်း မယ်မယ်ရရ လက်ဆုပ်လက်ကိုင်ပြစရာ မရှိပါဘူး။ ဒါ့ကြောင့် ဒီဥပဒေကို အသက်သွင်းတာဟာ စစ်အာဏာရှင်တွေရဲ့ အာဏာဆက်လက်တည်မြဲရေးအတွက် ပြည်ထောင်စုသားချင်း စစ်ခင်းဖို့ကလွဲပြီး တခြားကြီးကျယ်တဲ့ ရည်ရွယ်ချက်ကိုလည်း မတွေ့ရပါဘူး။
ဒါ့ကြောင့်လည်း ဥပဒေအရ အသက်ပြည့်တဲ့ ပြည်တွင်းနေ လူငယ်တွေဟာ စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီ ဆိုကတည်းက တော်လှန်ရေးအဖွဲ့တွေထဲ တချို့ရောက်ကုန်ပါတယ်။ တချို့လည်း ပြည်ပကို ထွက် ပညာသင်ဖို့ ကြံပါတယ်။ တချို့လည်း ထိုင်းနဲ့မလေးရှားလို နိုင်ငံတွေဆီ အလုပ်လုပ်ဖို့ အလုအယက် ထွက်ခွာကြပါတော့တယ်။
အကျိုးဆက်အနေနဲ့ကတော့ ပြည်ပအလုပ်အကိုင်အေးဂျင့်တွေ မျက်နှာပွင့်လန်းလာတယ်။ စစ်မှုမထမ်းချင်လို့ ပြည်ပ ပညာသင်ခရီးကို ပိုပြီးအာရုံ စိုက်လာတာတွေလည်းရှိတယ်။ ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ ချင်းမိုင်မှာ မြန်မာအလုပ်သမားတွေများလာပြီး အလုပ်ရှင်ဈေးကွက်ဖြစ်လာတယ်။ အလုပ်တွေရဖို့လည်း အရင်ထက်ပိုပြီး ခက်ခဲလာတယ်။ အခုလို လူငယ်တွေပြည်ပထွက်တယ်ဆိုတာ သူတို့နေထိုင်တဲ့ အမိမြန်မာပြည်ဟာ မတရားမှုတွေကြိုးစိုးနေတဲ့ ၊ အာဏာငန်းဖမ်းသူတွေ ကြိုးကိုင်ချယ်လှယ်နေတဲ့ မနေသင့်-မနေအပ်တဲ့ ပစ္စန္တရစ်အရပ်လို ဖြစ်နေလို့ပါ။
လူငယ်တွေ နိုင်ငံအတွက် သက်စွန့်ကြိုးပမ်း စစ်မှုမထမ်းချင်တာ အကြောင်းပြချက်ကောင်းကောင်းရှိနေ ပါတယ်။ လူဆိုတာ ဇာတိကို စွဲလမ်းတယ်။ မွေးရပ်မြေကို တွယ်တာတယ်။ ဇာတိနဲ့ မွေးရပ်ကို ပစ်ပယ်ပြီဆိုရင် ခိုင်လုံတဲ့ အကြောင်းအရင်းရှိတတ်ပါတယ်။
အခုကိစ္စမှာလည်း လူငယ်တွေအတွက် စစ်မှုထမ်းရတဲ့ကိစ္စဟာ တရားသောစစ်မဟုတ်ဘူး။ ကိုယ့်မြေ၊ကိုယ့်ရေအတွက် ပြည်ပနိုင်ငံတွေနဲ့တိုက်ရမှာလည်း မဟုတ်ဘူး။ သွေးသားချင်း၊ ညီအစ်ကိုချင်း၊ ပြည်ထောင်စုသားချင်း တိုက်ရမဲ့ စစ်ဖြစ်တယ်။
နောက်တစ်ချက်က အသက်စွန့်ရတာထက် အရှက်စွန့်ရတာက သူတို့အတွက် လူ့ဂုဏ်သိက္ခာအရ ပိုပြီးအရှက်ရစရာဖြစ်နေတယ်။ မတရားဘူးလို့ထင်တဲ့ဘက်ကနေ သူတို့အသက်ကိုပေးပြီး စစ်မှုထမ်းဖို့ ဘယ်လိုအရာမျိုးက ဆွဲဆောင်နိုင်မှာပါလဲ။ ဒါ့ကြောင့် တချို့လည်း စစ်မှုမထမ်းရပြီးရောဆိုပြီး ဘုန်းကြီးဝတ်ဖို့တောင် ကြံကြပါတယ်။
စစ်မှုမထမ်းချင်လို့ ဘုန်းကြီးဝတ်တာနဲ့ပတ်သက်ရင် လွတ်လပ်ပြီးခေတ်နောက်ပိုင်း ရွှေကျင်ဂိုဏ်းမှာ ပေါ်ပေါက်လာတဲ့ တက်ကြွတဲ့ပြုပြင်ရေးဆရာတော်က မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝသံ ပြုစုတဲ့ စစ်တပ်တရားတော် ဆိုတဲ့အထဲမှာ စစ်တိုက်ရမှာကိုရှောင်လွဲချင်လို့ ဘယ်လိုဘယ်ပုံရဟန်းပြုကြလဲဆိုတာ ဖော်ပြချင်ပါသေးတယ်။
ဗိမ္ဗိသာရမင်းကြီးလက်ထက် တိုင်းပြည်အစွန်အဖျားမှာ သူပုန်သူကန်ထတော့ သွားရောက်နှိမ်နင်းဖို့ မင်းကြီးက စစ်တပ်ကို စေလွှတ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ထဲက ထင်ရှားတဲ့စစ်သူကြီးတချို့ကတော့ “စစ်ပွဲမှာ ရှုံးလည်း အသတ်ခံရမယ်၊ ကိုယ်ကနိုင်လည်း အကုသိုလ်များမယ်” ဆိုပြီး ဘုန်းကြီးဝတ်ကြတယ်။
ဒါကို ဗိမ္ဗိသာရမင်းကြီးသိတော့ ဒီလိုအမှုအတွက် ပြစ်ဒဏ်ဘယ်လိုရှိလဲဆိုတာ တရားသူကြီးတွေကို မေးပါတယ်။ တရားသူကြီးတွေကလည်း ရဟန်းပြုတယ်ဆိုတာ (၁) ဥပစ္ဇျယ်ဆရာက အရေးအကြီးဆုံးဖြစ်လို့ ခေါင်းဖြတ်၊ (၂) ကမ္မဝါဖတ်တဲ့ရဟန်းတွေက ဒုတိယအရေးကြီးလို့ လျှာဖြတ်၊ (၃) သဘောတူလက်ခံကြတဲ့ ရဟန်းတွေက တတိယအရေးကြီးလို့ နံရိုးတစ်ဝက်ကျိုးအောင် ပြစ်ဒဏ်ချသင့်တယ်ဆိုပြီး တင်လျှောက်ပါတယ်။
ဗိမ္ဗိသာရမင်းကြီးဆိုတာ သောတာပန်မင်းကြီးဖြစ်တော့ ဒီလိုဘယ်လုပ်ပါ့မလဲ။ ဒါနဲ့ ဘုရားရှင်ကိုလျှောက်တော့ ဘုရားရှင်ကလည်း ဆိုင်ရာအရာရှိတွေရဲ့ ကျေကျေနပ်နပ်ခွင့်ပြုချက်မရဘဲ ရဟန်းပြုပေးရင် ဒုက္ကဋ်အာပတ်သင့်စေဆိုပြီး ပညတ်တော်မူခဲ့ပါတယ်။
ဒီနေရာမှာ တစ်ချက်စဉ်းစားရမှာက မင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့ ဗိမ္မသာရမင်းကြီးလက်ထက် နယ်စွန်နယ်ဖျားမှာ ထကြွကြတာက သူပုန်သူကန်တွေဖြစ်ပါတယ်။ သူပုန်သူကန်ကို နှိမ်နင်းဖို့ဆိုတာ နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ တာဝန်ဖြစ်ပြီး ဒီတာဝန်ကို ပျက်ကွက်လို့ ဒီလိုဒီပုံ အရေးယူမယ်လို့ ဆိုတာဖြစ်ပါတယ်။
အခုခေတ်လို နိုင်ငံ့အာဏာကို မတရားရယူလို့လူငယ်တွေက တော်လှန်၊ တစ်နိုင်ငံလုံး တိုက်ပွဲတွေဖြစ်လို့ မနိုင်တော့မှ အရပ်သားတွေကို စစ်မှုထမ်းခိုင်းတာမျိုးမဟုတ်ဘူးဆိုတာ သတိချပ်ဖို့လိုပါတယ်။ အခုခေတ်လို အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတာမျိုးမဟုတ်ဘူးဆိုတာ မတူညီတဲ့ အခြေအနေတွေကို ကွဲကွဲပြားပြားဖြစ်ဖို့ အရေးကြီးပါတယ်။
မဟာဂန္ဓာရုံဆရာတော်ကတော့ တိုင်းသူပြည်သားတို့ကို ကာကွယ်သော အကြောင်းတရားကြောင့် စစ်သည်တို့ကို ပြည်သူတို့က လေးစားချစ်ကြည်ပြီး ဒီလိုကာကွယ်တာမဟုတ်ရင်တော့ ကောင်းသော လေးစားချစ်ကြည်ခြင်းတွေရှိလာမှာ မဟုတ်ဘူးလို့ စစ်တပ်တရားတော်မှာ စစ်တပ်ရဲ့ စာရိတ္တပြုပြင်ရေးကို ထည့်ရေးပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်မှုထမ်းဥပဒေအသက်ဝင်လာတဲ့အခါ သူတို့ရဲ့ အာဘော် မြန်မာ့အလင်း သတင်းစာမှာ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းကဗျာတစ်ပုဒ်ကို တခမ်းတနားနဲ့ ပြန်လည် ဖော်ပြလာတာတွေ့ရပါတယ်။
အဲဒီကဗျာက -
“ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောက်မတို့လေ။ သူများမောင်မှာ စစ်သံကြားလျှင်၊ နာဖျားဥပါယ်ခိုကြတယ်။ နှမလေး၊ မယ်တို့မောင်မှာ စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ အိုးစားဖက်ကို၊ လိုက်လို့ရှာသည်”အစချီတဲ့ “စစ်မှာတမူ”ကဗျာပါ။
တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ “စစ်မှာတမူ” အိုင်ချင်း ဆိုတာက ညောင်ရမ်းခေတ်မှာ ရေးတဲ့ကဗျာပါ။ တနည်းပြောရရင် သက်ဦးဆံပိုင်ဘုရင်ခေတ်မှာရေးရတဲ့ ကဗျာပါ။ ဒါ့ကြောင့် ဘုန်းတော်ဘွဲ့ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဘုရင့်လုပ်ရပ်ကို တနည်းနည်းနဲ့ ထောက်ခံတဲ့ ကဗျာကိုပဲ ရေးလို့ရတာပါ။ ရှင်ငြိမ်းမယ်သာ စစ်မှာတမူ ဆိုတဲ့ အိုင်ချင်းကို စစ်ထွက်လိုလှတဲ့ ချစ်သူအကြောင်းမဟုတ်ဘဲ၊ မဖြစ်မနေ စစ်ထွက်ရလို့ ပြည်သူတွေစိတ်နှလုံး ညှိုးနွမ်းရကြောင်း ရေးမယ်ဆိုရင် သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ ဘယ်လိုဖြစ်မယ်ထင်ပါလဲ။ စဉ်းစားစရာဖြစ်ပါတယ်။
ဒီလိုပဲ ကုန်းဘောင်ခေတ် ဗဒုံမင်းလက်ထက်မှာ စစ်တမ်းတွေကောက်တော့ ပြည်သူတွေရဲ့ ထူးခြားတဲ့အကြွေးစာရင်းတွေ တွေ့လာပါတယ်။ ပဒေသရာဇ်ခေတ်မှာ မင်းဧရာဇ်တွေရဲ့ နယ်ချဲ့ရေးအတွက် တိုက်ပွဲဝင်ရတာဟာ ပြည်သူပြည်သားတွေအတွက် ဝန်ထုပ်ဝန်ပိုးပါ။ စစ်ထဲလိုက်ဖို့အရေး လိုအပ်တာတွေ ဝယ်ဖို့ ငွေကြေးလိုအပ်သလို၊ စစ်ရှောင်စစ်ပြေးဖို့လည်း လိုအပ်တဲ့ငွေကြေးရဖို့ လယ်ပေါင်၊ ယာပေါင်တာတွေ လုပ်ကြရပါတယ်။ ဗဒုံမင်းလက်ထက် မိုးနဲတပ်က စစ်ရှောင်စစ်ပြေးအများအပြားရှိခဲ့ကြောင်းကို ဗဒုံမင်းအမိန့်တော်တွေထဲမှာ ဖော်ပြတာကို တွေ့ရပါတယ်။
အနှစ်ချုပ်ကတော့ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ဘယ်သူကမှ မလိုအပ်ရင် စစ်မှုမထမ်းချင်ပါဘူး။ လိုအပ်ခြင်း မလိုအပ်ခြင်းဟာ ဘယ်အရာအပေါ်အခြေခံလဲဆိုရင် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတမှုရှိခြင်း၊ မရှိခြင်းနဲ့ တိုင်းရမှာပါပဲ။ လူငယ်တွေကတော့ တရားသောစစ်မဟုတ်ရင် ပိုပြီးတောင် စစ်မှုမထမ်းချင်ကြပါဘူး။
ဒါကြောင့် နိုင်ငံရေးအရ ထွက်ပေါက်ရှိပါလျက်နဲ့ မထွက်ဘဲ အာဏာကို မစွန့်နိုင်လို့ မထူးဇာတ်ခင်းနေမယ်ဆိုရင် နိုင်ငံရဲ့ အင်အားတွေဟာ ဆုံးရှုံးမြဲ၊ ဆုံးရှုံးနေဦးမှာ ဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ်ကစပြီး ကောင်းသတင်းဝေခဲ့တဲ့ တပ်မတော်ရဲ့အစဉ်အလာဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာ နာမည်ပျက်သထက် ပျက်နေဦးမှာဖြစ်ပါတော့တယ်။
ညိုထွန်း
စာပြီးချိန် ၁၂၊ မတ်၊ ၂၀၂၄
Comments
Post a Comment