အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

 


 



မေလ ၁၄ ရက်သည် ဗုဒ္ဓဘာသာဝင်တို့၏ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။


ထိုနေ့တွင် စစ်ခေါင်းဆောင်တပ်တွေ ဝင်ရောက်မီးရှို့သောကြောင့် မြန်မာ့နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက ရွာတွေ ပြာကျခဲ့သည်။ ဒေသခံများသည် ဗုဒ္ဓနေ့၏ အနှစ်သာရကို မခံစားနိုင်ဘဲ အသက်ဘေးကြောင့် ပြေးနေလွှားနေခဲ့ရသည်။


တစ်ဖက်တွင်လည်း မီးရှို့ ပစ်ခတ်နေသည့် စစ်တပ်၏ အကြီးအမှူးဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ့အစိုးရအဖွဲ့က ဒက္ခိဏသီရိမြို့နယ်မှာ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာ ရေးထိုးပူဇော်သည့် အခမ်းအနားကို တက်ရောက်လျက်ရှိသည်။ ထို့အပြင် ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ကြီးတွင် ကဆုန်ညောင်ရေသွန်းခဲ့ကြသေးသည်။


စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ်သည်လည်း ထိုနေ့တွင် သံဃာအပါး ၁၀၂၆၄ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ခမ်းခမ်းနားနားကျင်းပခဲ့သည်။ ထိုအတွက် ကျပ်သိန်း ၈၅၀၀ (၈၅၀,၀၀၂,၅၆၀ ကျပ်) သုံးစွဲခဲ့သည်။


ပြီးခဲ့သည့် မေလအတွင်း စစ်ခေါင်းဆောင်နှင့် နောက်လိုက်များသည် ဘာသာရေးအခမ်း အနားပွဲများစွာကို တက်ရောက်ခဲ့ကြပြီး ထိုထိုသော ပွဲများအနက် အချို့ကို ကောက်နုတ်ပြရလျှင် သံဃာတော်များကို ဆုတံဆိပ်ဆက်ကပ်ပွဲ၊ ထီးတော်တင်ပွဲ၊ ဝိဇာတမွေးနေ့ပွဲများနှင့် ဆွမ်းဆန်စိမ်လောင်းလှူပွဲများဖြစ်သည်။


အများစုသောပွဲမှာ တပ်မတော်တပ်ရင်းတပ်ဖွဲ့အသီးသီးတို့၏ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများဖြစ်သည်။


မေလ ၁ ရက်မှ မေလ ၃၀ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဆွမ်းဆန်စိမ်းခေါင်းစဉ်တပ် လှူဒါန်းမှုသည် ၂၉ ရက်ရှိခဲ့သည်။ တစ်ရက်လျှင်ကျောင်းတိုက် ၃ ခုမှ ၁၆ ခုအထိ လောင်းလှူကြသည်။ ရက်ပေါင်း ၃၀ အတွင်း ကျောင်းတိုက်ပေါင်း ၃၄၄ ခုကို ဆွမ်းဆန်လောင်းလှူခဲ့ကြသည်။ဤအချက်အလက်များသည် စစ်တပ်က တရားဝင်ထုတ်ပြန်ထားသော (cnicds)က အချက်အလက်များကို ရယူထားခြင်းဖြစ်သည်။ 


ဆွမ်းဆန်လောင်းလှူပွဲများကို လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ )မိသားများနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က အများဆုံး လှူဒါန်းခဲ့ကြသည်။


အချို့ပွဲများကို နိုင်ငံတော်အဆင့်ကျင်းပပြီး စစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့သည်။




ယခုတင်ပြခဲ့မှုများသည် ဗုဒ္ဓဘာသာဝင်များလက်ခံထားသည့် ဒါနအကြောင်းကို ပြောနေခြင်းဖြစ်သည်။ ဒါနသည် မကောင်းစရာမရှိ၊ လိုအပ်သည့်နေရာကို လှူဒါန်းခြင်းဖြစ်လျှင် သာ၍ကောင်းသည်ဟုဆိုရမည်။ စစ်ခေါင်းဆောင်တို့ မေလအတွင်း လှူဒါန်းခဲသည့် ကျောင်းတိုက်များကို ကြည့်သည့်အခါ စာသင်တိုက်များ ပါနေသည်ကိုတွေ့ရသည်ဖြစ်ရာ စာသင်တိုက်များသည်လည်း ကိုဗစ်ကာလအတွင်း အများအားဖြင့် ခြိုးခြံစွာရပ်တည်ရသည်ဖြစ်ရာ ကောင်းပါသည်ဟုပင် ဆိုရမည်။


သို့သော်လည်း ဤကိစ္စသည် ဤမျှရိုးရှင်းမနေပါ။


မေးခွန်းမှာ တကယ်ပင် လှူချင်တန်းချင်၍ လှူဒါန်းသလော သို့တည်းမဟုတ် နိုင်ငံတွင် အများစုကိုးကွယ်သည့် ဘာသာတရားကို ထောက်ပံ့ခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များ၏ထောက်ခံမှုရယူလိုသလောဆိုသည့် မေးခွန်းဖြစ်သည်။ အတိုချုပ်ပြောရလျှင် ဘာသာရေးကို အာဏာနိုင်ငံရေးတွင် အသုံးချချင်၌လောဟု ဆိုရမည်။


နောက်မေးခွန်းတစ်ခုမှာ ပြည်ထဲရေးနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)တို့က လှူဒါန်းသော လှူဖွယ်အစုစုသည် ဖြူစင်သော အသက်မွေးမှုဖြင့် ရထားသော ကိုယ်ပိုင်ဥစ္စာပစ္စည်းလော သို့မဟုတ် ပြည်သူ့ဘဏ္ဍာများလော မေးခွန်းထုတ်ဖွယ်ဖြစ်သည်။


ပဒေသရာဇ်ခေတ်တွင်လည်း ဤနည်းအတိုင်းပင်ဖြစ်သည်။


ဗုဒ္ဓဘာသာသည် လူများစုကိုးကွယ်သော ဘာသာဖြစ်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ဆရာဒကာ အဖြစ် ရင်းနှီးကျွမ်းဝင်ခြင်း၊ လှူဖွယ်အစုစု လှူဒါန်းခြင်း၊ စေတီပုထိုးကျောင်းတိုက်များ တည်ထားဆောက်လှူခြင်းသည် တိုင်းသူပြည်သားတို့အား ကျေနပ်စေပြီး သာသနာကိုစောင့်ရှောက်သော မင်းကောင်းမင်းမြတ်ဟူ၍လည်းကောင်း၊ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်ဟူ၍လည်းကောင်း အမည်တွင်နိုင်သည့် နည်းလမ်းဖြစ်သည်။


ထိုခေတ်ထိုကာလက တိုင်းပြည်တွင် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်ဖြစ်ရာ ဗုဒ္ဓဘာသာကို ချီးမြှောက်ခြင်းဖြင့် ဘုရင်သည် အခြားကိစ္စများကို လုပ်ချင်ရာလုပ်နိုင်သည်။ လွတ်လပ်သော သတင်းစီးဆင်းမှုလည်းမရှိရာ တိုင်းသူပြည်သားတို့လည်း မသိနိုင်။


မြန်မာ့သမိုင်းထဲက အနော်ရထာနှင့် ကျန်စစ်သားတို့ မင်းကောင်းမင်းမြတ်ဟူ၍ သမိုင်းတွင် အမည်တွင်ခဲ့သည်မှာလည်း ဗုဒ္ဓဘာသာကို စောင့်ရှောက်ခဲ့သောကြောင့်ဆိုသည်ကို အချက်တစ်ချက်အနေနှင့် ယူသော်ရပေသည်။ သို့သော် ထိုအတွက် ကုန်ကျသည့်ငွေကြေးများမှာ ပြည်သူ့ဘဏ္ဍာများသာဖြစ်သည်။


လွတ်လပ်ပြီးမြန်မာနိုင်ငံ၏ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်ဦးနုလက်ထက် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ဗုဒ္ဓဘာသာသည် တရားဝင်နိုင်ငံတော်ဘာသာဖြစ်လာသည်။ ဆိုရလျှင် ဝန်ကြီးချုပ်ဦးနုသည် သခင်ဘဝနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသော၊ဘာသာတရားကို ကိုင်းရှိုင်းသော၊ ရိုးဂုဏ်ရှိသော ၊အားနည်းသူများဘက်က ရပ်တည်သောသူအဖြစ် ထင်ရှားသည်။



သို့သော်လည်း လွတ်လပ်သော မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော လူမျိုးစုံနှင့်ဘာသာရေးအကြား သဟဇာတဖြစ်တည်မှုကို ပညာရှိသတိဖြစ်ခဲ ဖြစ်၍ ဗုဒ္ဓဘာသာကို ပါလီမန်တင်သွင်း၍ နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခဲ့သည်။


ဝန်ကြီးချုပ်ဦးနုသည် ချင်းပြည်နယ် (ထိုစဉ်က ချင်းဝိသေသတိုင်း) ၊ ဖလမ်းမြို့တွင် ပြည်ထောင်စုဘဏ္ဍာငွေဖြင့် စေတီတစ်ဆူတည်ခဲ့သည်။ ထိုစေတီကို လွတ်လပ်ရေးဆုတောင်းပြည့်စေတီတော် ဟု ခေါ်တွင်စေခဲ့သည်။ ဤစေတီသည် ချင်းပြည်နယ်တွင် ပထမဆုံးစေတီဖြစ်လာသည်။

ဝန်ကြီးချုပ်ဦးနု၏ လမ်းစဉ်အတိုင်းပင် အာဏာရှင်ဦးနေဝင်းကလည်း ဟားခါးမြို့တွင် စေတီတစ်ဆူတည်ခဲ့သည်။


သို့သော်လည်း ဤဖြစ်ရပ်များကို ဘာသာရေးအရ ဖိနှိပ်ခြင်း သို့မဟုတ် လူမျိုးစုတို့၏ အမှတ်အသားသရုပ်ကို ကျူးကျော်ခြင်းဟုသာ ချင်းလူမျိုးများက မှတ်ယူကြပေသည်ဆိုပြီး CNF ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆလိုင်းလျန်မှုန်းဆာခေါင်းက သူ၏တိုက်ပွဲဝင်စာတမ်းမိန့်ခွန်းများစာအုပ်တွင် ဖော်ပြခဲ့သည်။


ယနေ့ခေတ်တွင်လည်း စစ်ခေါင်းဆောင်များသည် အမျိုး၊ဘာသာ၊ သာသနာကို လမ်းစဉ်ကို လျှောက်လှမ်းရန် ကြိုးစားနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။


လူအများစုကိုးကွယ်သည့် ဘာသာရေးကိုအသုံးချပြီး ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအာဏာကို ရယူလိုသည့် အပြုအမူများသည် တန်းတူညီမျှ ဝါဒဖြူစင်သည့်မြေဖြစ်ရေး ကြီးမားသည့် အဟန့်အတားပင်ဖြစ်သည်။


စစ်ခေါင်းဆောင်လက်အောက်က ကန့်ကွက်ကြောင်းထုတ်ပြန်ချက်များ မကြာခဏထုတ်နေရသည့် နိုင်ငံရေးခြားရေးဝန်ကြီးဦးဝဏ္ဍမောင်လွင်တစ်ယောက် ၂၀၂၀ ရွေးကောက်ပွဲတွင် မည်သို့မဲဆွယ်ခဲ့ပါသနည်း။ မွတ်ဆလင်ယောက်ကျားများ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးကိုယူနိုင်လှျင် ငွေမည်မျှရသည်ဆိုပြီး မဲဆွယ်ခဲ့ခြင်းဖြစ်သည်။ ဤအကြောင်းကို ရုပ်သံသက်သေအထောက်အထားများနှင့်အတူ Myanmar Now မီဒီယာက ဖော်ပြခဲ့သည်။


ပြီးခဲ့သည့် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲနှစ်ဆက် မဲဆွယ်ကာလများတွင် NLD အနိုင်ရပါက မွတ်ဆလင် နိုင်ငံဖြစ်မည်ဟူသော ဘာသာရေးအကြောင်းပြ ခြိမ်းခြောက်စည်းရုံးမှုများကို ကြားခဲ့ရသည်။ မြန်မာ အမျိုးသမီးငယ်များကို ဘာသာခြားတို့က သိမ်းသွင်းလျက်ရှိသည်ဟုလည်း ကြားခဲ့ရသည်။


ဤသည်တို့မှာ ဘာသာရေးကိုအသုံးချ၍ နိုင်ငံရေးအရ အာဏာရရန်ကြံစည်မှုပင်ဖြစ်သည်။


စစ်ခေါင်းဆောင်နှင့် သူတို့၏ ကျောထောက်နောက်ခံ ပါတီကြီးတစ်ခု၏ အမျိုး၊ဘာသာ၊ သာသနာ ကြွေးကြော်ချက်သည် ညီညွတ်ရေးအရ သဟဇာတဖြစ်သည့် လူမှုအသိုင်းအဝိုင်းဆီသို့ ဦးတည်မနေပါ။


အစွန်းရောက် အမျိုးသားရေးဝါဒများကိုသာ အားပေးလျှက်ရှိသည်။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ တိုးတက်ရေး အခြားလူမျိုး၊ အခြားဘာသာ၊ အခြားသာသနာကို တိုက်ထုတ်ရမည်ဟူသည့် လမ်းကြောင်းဆီသာ ရှေးရူလျက်ရှိသည်။


သာဓကဆိုရလျှင် ဆရာတော်ဦးဝီရသူနှင့် အစွန်းရောက်အမျိုးသားရေးလူတစ်စုက စင်ပေါ်တက်၍ သဟဇာတဖြစ်သည့် လူမှုအသိုင်းအဝိုင်းဖြစ်ရေးဆီ ဦးမတည်သည့် အမုန်းစကားများကို လွတ်လွတ်လပ်လပ်ပြောခွင့်ရနေခြင်းမှာ ထင်ရှားသည့်ဥပမာဖြစ်သည်။ ထို့ကြောင့်လည်း ကမ္ဘာတွင် အစွန်းရောက် ဗုဒ္ဓဘာသာဟု ကင်ပွန်းတပ်ခံရပြီး နိုင်ငံအမည်လည်း ပျက်ရပေသည်။


စစ်တပ်သည် ငြိမ်းချမ်းသော ဗုဒ္ဓဓမ္မကို ကိုးကွယ်သည်ဆိုသော်လည်း ကိုးကွယ်မှုတွင် လမ်းဆုံးကာ ကျင့်ကြံမှု၊ လိုက်နာစောင့်ထိန်းမှုဆီသို့ မရောက်သောကြောင့် မြန်မာပြည်သည် မငြိမ်းချမ်းဖြစ်ရသည်။


ဤကိစ္စသည် ဓမ္မနှင့်မဆိုင်၊ ကိုးကွယ်သူက ကျင့်ကြံခြင်းရှိ၊မရှိ လိုက်နာစောင့်ထိန်းခြင်းရှိ၊မရှိကသာလျှင် အခရာဖြစ်သည်။ ဗုဒ္ဓဘာသာကိုးကွယ်သူဆိုတိုင်း ဗုဒ္ဓဓမ္မနှင့်အညီ နေထိုင်သည်ဟု သတ်မှတ်၍မရ။


သာဓကပြရလျှင် ဗုဒ္ဓဘာသာအများစုဖြစ်သော စစ်တပ်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် သူတို့ကိုယ်တိုင်ကိုးကွယ်ပါသည်ဆိုသော သံဃာတော်များကို မည်သို့မည်ပုံအကြမ်းဖက်ခဲ့သနည်း၊ ယခုနွေဦးတော်လှန်ရေးတွင် စစ်ကိုင်း၊ချင်းပြည်နှင့်ကရင်နီရွာများကို မည်ကဲ့သို့ မီးလောင်တိုက်သွင်းခဲ့သနည်း အစရှိသည်တို့ကို ဆန်းစစ်နိုင်ပေသည်။


ဗုဒ္ဓဝါဒသည် ကိုယ်ချင်းစာတရားအပေါ် အခြေခံသည်။ ကိုယ်ချင်းစာတရာဟူသည် ကိုယ်မကြိုက်တာကို သူများအပေါ်မလုပ်ခြင်းပင်ဖြစ်သည်။ ကိုယ်ချင်းစာတရားကို မစောင့်ထိန်းနိုင်သော၊ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်မရှိသော စစ်တပ်သည် ဗုဒ္ဓဝါဒကို အဘယ်မှာ စောင့်ထိန်းနိုင်ပါမည်နည်း။


ဤသို့ဆိုသဖြင့် မေးခွန်းမှာ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ တိုးတက်ရန် လုပ်ဆောင်၍မရဘူးလား ၊ လုပ်ဖို့ရော မလိုဘူးလားဆိုသည့် မေးခွန်းပင်ဖြစ်သည်။


လူသည် အတ္တဗဟိုပြုဝါဒီဖြစ်ရာ အဖြေကမူ တစ်ဦးချင်းအားဖြင့် ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ ၊ ကိုယ့်သာသနာကိုကြီးပွားတိုးတက်ရန် လုပ်ဆောင်၍ ရသည်ဟူ၍သာ ဖြေရပေမည်။


သို့သော်လည်း ကိုယ့်ကိစ္စကိုယ်လုပ်ကြသည့်အခါ သူများကို မထိခိုက်ဖို့လိုသည်။ သူများအခွင့်အရေး သူများလွတ်လပ်ခွင့်ကို မထိခိုက်ဖို့လိုသည်။

သဟဇာတဖြစ်သော လူမှုအသိုင်းအဝိုင်းကို ကိုယ့်လုပ်ရပ်ကြောင့် မပျက်ယွင်းဖို့လိုသည်။ သို့မဟုတ် သဟဇာတဖြစ်နေမှုကို ကိုယ့်လုပ်ရပ်ကြောင့် အက်ကြောင်းမထင်ဖို့လိုသည်။


ဤသို့မဟုတ်ပါက ပဋိပက္ခများ ဖြစ်ပွားနေဦးမည်သာ။ ဤသည်မှာ တစ်ဦးချင်းအတွက် ပြောခြင်းဖြစ်သည်။


နိုင်ငံအုပ်ချုပ်သူများ၊ နိုင်ငံ့ခေါင်းဆောင်များဆိုပါက ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာဆိုသည်ထက် ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေဆိုပြီး ပေါင်းစည်း စဉ်းစားရန်လိုသည်။


ကိုးကွယ်ရာဘာသာတစ်ခုကို ချီးမြှောက်ခြင်းသည် ဘာသာမျိုးစုံသက်ဝင်ယုံကြည့်သူတွေဆီက အခွန်များကောက်ပြီး ချီးမြှောက်နေခြင်းဖြစ်သည်ကို သတိမူသင့်သည်။ စိတ်ရင်းဖြင့်ထောက်ပံ့လျှင်ပင် ဤမျှစဉ်းစားရသေးလျှင် ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေးအာဏာအတွက် ချီးမြှောက်ထောက်ပံ့ခြင်းဆိုလျှင်ကား မလုပ်အပ်၊ တရားပျက်သည့်အရာဖြစ်၍ ဆိုဖွယ်ရာမရှိချေ။


ယခုမူ ထိုသို့မဟုတ်။ နိုင်ငံရေးအာဏာအတွက် ဗုဒ္ဓ၏ဓမ္မသည် အသုံးချခံဖြစ်ရသည်။


အာဏာရှင်ဦးနေဝင်းသည် မဟာဝိဇယစေတီတော်ကိုတည်ထားခဲ့သည်။ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၉၉ ခုနှစ်တွင် ရွှေတိဂုံဘုရားကို ထီးတော်တင်ခဲ့သည်။၂၀၀၂ ခုနှစ်တွင် အင်းစိန် ကျောက်တော်ကြီးဘုရား ဘုရားဒါယကာဘွဲ့ကို ခံယူခဲ့သည်။ နေပြည်တော် ဥပ္ပါသန္တိစေတီတော်ကိုလည်း တည်ထားခဲ့သည်။


စစ်ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်ကလည်း ပုဂံတွင် ဓမ္မရာဇက ဘုရားကို ထီးတော်တင်ခဲ့သည်။ ရန်ကုန်တွင်လည်း စွယ်တော်မြတ်စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း နေပြည်တော်တွင် ကမ္ဘာ့ ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ဖြစ်သည့် မာရဝိဇယ ထိုင်တော်မူရုပ်ပွားတော်ကြီးကို တည်လျက်ရှိသည်။


သို့သော်လည်း ခေတ်အဆက်ဆက် အာဏာရှင်များ ဘုရားတည်ကျောင်းဆောက်လုပ်ခဲ့သော်လည်း သူတို့၏ ကိုယ်ချင်းစာတရား ခေါင်းပါးမှု၊ ပြည်သူအပေါ်ရက်စက်မောက်မာမှုနှင့် ဗုဒ္ဓဘာသာအပေါ် အမြတ်ထုတ်မှုတည်းဟူသော နာမည်ဆိုးကို မဖျောက်ဖျက်နိုင်ခဲ့ပါ။


မဟာဝိဇယ စေတီတော်ကြီးသည် ဦးနေဝင်းအတွက်လည်းကောင်း၊ အင်းစိန် ကျောက်တော်ကြီးဘုရားသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက်လည်းကောင်း၊ စွယ်တော်မြတ်စေတီတော်ကြီးသည် ဗိုလ်ချုပ်ကြီး ခင်ညွန့်အတွက်လည်းကောင်း နာမည်ကောင်းကို မဆောင်ကျဉ်းနိုင်ခဲ့သည်မှာ အထင်ရှားပင်ဖြစ်သည်။


ဤမျှထင်ရှားသည့် သာဓကများရှိပါလျှက် သားသတ်သမားတစ်ယောက်လို ပြည်သူအပေါ်ရက်ရက်စက်စက် ဖြိုခွင်းနေသည့် စစ်ခေါင်းဆောင်၏ နာမည်ဆိုးသည် ကမ္ဘာ့ ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီးကိုတည်ထားရုံနှင့် ပျောက်ကွယ်သွားပါမည်လား။


ယခု ဗုဒ္ဓဘာသာ၏ ရောင်ဝါတောက်ပမှုသည် မြန်မာနိုင်ငံတွင် တဖြည်းဖြည်းမှေးမှိန်လာလျှက်ရှိသည်။

ဤသည်မှာ ဘသာခြားတို့ကြောင့် မဟုတ်။ ဘာသာရေးကို ခုတုံးလုပ် နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်နေသည့် စစ်ခေါင်းဆောင်နှင့်အပေါင်းပါတသိုက်တို့၏ လုပ်ရပ်များကြောင့်သာဖြစ်သည်။


ဤနိုင်ငံတွင် ဗုဒ္ဓဘာသာ၏ အနာဂတ်ကို ကြီးစွာ ခြိမ်းခြောက်နိုင်သူကို ညွှန်ပြပါဟုဆိုအံ့။ စစ်ခေါင်းဆောင်နှင့်လက်ဝေခံတသိုက်ကို လက်ညှိုးထိုးပြရုံမှတပါး အခြားမရှိတော့ပြီ။


ညိုထွန်း


ဤ ဆောင်းပါး ကို Burma Associated Press မီဒီယာတွင် ၂၀၂၂ ခုနှစ် ၊ ဇွန်လ ၁၂  ရက်က ဖော်ပြခဲ့ပြီးဖြစ်သည်။


Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ